ဘယ်အချက်တွေကြောင့် ရာသီသွေးဆင်းချိန်မှာ အခက်အခဲဖြစ်နေတာလဲ
အမျိုးသမီး အများစုမှာ လစဉ် ရာသီလာတာက ပုံမှန် အချိန်မှန် ဖြစ်နေကျအရာတစ်ခုပါ။ အမျိုးသမီး အယောက် ၁၀၀ မှာ ၇၅ ဦးက ရာသီသွေးမှန်ကြပြီး ၂၅ ရာခိုင်နှုန်းကတော့ ရာသီသွေး မမှန်တာမျိုး ကြုံရလေ့ရှိပါတယ်။
ရာသီသွေးမမှန်တာ၊ ရာသီထိန်တာတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဒီလိုမျိုး ရာသီသွေးဆင်းတာကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာဗတွကိ ဘာတွဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ရာသီသွေးဆင်းတာကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အရာတွေက ဘာတွေလဲ?
ရာသီသွေးဆင်းတာကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေထဲကမှာ အဖြစ်များတဲ့ အကြောင်းအရင်းလေးတွေအကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဒါတွေကတော့
- စိတ်ဖိစီးမှု
စိတ်ဖိစီးမှုက အမျိုးသမီးတွေရဲ့ ရာသီသွေးဆင်းတာကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးချိန်မှာ ခန္ဓာကိုယ်က ကော်တီစောဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ ကော်တီစောက ရာသီလာတာကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ဒီအခြေအနေက ရာသီထိန်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။
စိတ်ဖိစီးတာက ရာသီသွေးကိုတင် ထိန်းစေတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ စနစ်တိုင်းကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခေါင်းကိုက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ စိတ်ဖိစီးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ စိုးရိမ်စိတ်များတာကလည်း ရာသီထိန်တာကို ဖြစ်စေနိုင်ပါတယ်။
- ဟော်မုန်း မမျှတမှု
ဟော်မုန်း မမျှတတာက ရာသီးသွေးဆင်းတာကို ထိခိုက်စေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များတာ၊ နည်းတာတွေကြောင့် ရာသီသွေး မမှန်တာ၊ သွေးဆင်းနည်းတာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
- သားအိမ်အတွင်းဆဲလ်နေရာ လွဲနေမှု
ရာသီလာချိန်မှာ သားအိမ်အတွင်းနံရံတွေက ကွာကျလာတာပါ။ ဒီတစ်ရှူးတွေက သားအိမ်အပြင်ဘက် ဥပမာ - သားဥပြွန်၊ သားဥအိမ်တွေလိုနေရာတွေမှာ လွဲမှားစွာ ကြီးထွားလာတာကြောင့်လည်း ရာသီသွေး ထိန်တာ၊ သွေးဆင်းနည်းတာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
- သားဥအိမ် ရေအိတ်တည်မှု
သားဥအိမ်ရေအိတ်တည်တာက ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေပြီး မျိုးဥတွေကို ရင့်မှည့်တာမျိုး မဖြစ်အောင် လုပ်ဆောင်ပါတယ်။ ဒီအခြေအနေကပဲ ရာသီသွေးမမှန်တာလိုမျိုး ပြဿနာကို ခံစားရနိုင်ပါတယ်။
- သားအိမ်ထဲမှာ အလုံးအကျိတ်ဖြစ်မှု
သားအိမ်ထဲမှာ အလုံးအကျိတ်တွေ တည်တာကလည်း ရာသီသွေးဆင်းမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ သားဥအိမ်မှာ အလုံးအကျိတ်ဖြစ်တာက ကင်ဆာမဟုတ်တဲ့ အကျိတ်တွေပါ။ ဒီလို အလုံးအကျိတ်တွေဖြစ်တာကြောင့်လည်း ရာသီထိန်တာလိုမျိုး ပြဿနာကို ခံစားရနိုင်ပါတယ်။
မွန်မွန်